ဒလမြို့နယ် နှင့် အလှမ်းဝေးသော ချောင်းဦးကျေးရွာရှိ ရေလုပ်သား အိမ်ထောင်စု ၁၃၀ စု အတွက် ဆန် နှင့် ဆီ လှူဒါန်း

ရန်ကုန် အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်များကို အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးမှ လိုက်လံထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နှင့်အလှမ်းဝေးသော ညောင်ချောင်းကျေးရွာအုပ်စု ချောင်းဦးကျေးရွာရှိ ရေလုပ်သား အိမ်ခြေ ၁၃၀ အတွက် ဆန်နှင့် ဆီများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည် နှင့် ဗညားဒလရပ်ကွက်ရှိ အမျိုးသမီးသူငယ်ချင်း(၇)ဦး တို့ စုပေါင်း၍  စားသောက်ရေးအခက်အခဲရှိသော ချောင်းဦးကျေးရွာရှိ ရေလုပ်သား အိမ်ထောင်စု ၁၃၀ စု နှင့် ညောင်ချောင်းကျေးရွာရှိ အိမ်ထောင်စု ၁၁ စု၊  စုစုပေါင်း ၁၄၁ စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်၊ ဆီ ၅၀ ကျပ်သား စီဖြင့်  ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။

အဆိုပါ ချောင်းဦးကျေးရွာအတွင်းရှိ ဒေသခံပြည်သူများသည် ရေလုပ်ငန်းဖြင့်သာ  မြစ်အတွင်း ငါးရှာခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။              

နိုင်လင်းကျော်(ဒလ)