ပေါင်မြို့နယ်၌ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ တွင်ကျယ်များပြားလာ၍ ခရီးသွားမြို့ ဖြစ်လာခြင်းလုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

ပေါင် နိုဝင်ဘာ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ တွင်ကျယ်များပြားလာ၍ ခရီးသွားမြို့ဖြစ်လာခြင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ခရီးသွားလုပ်ငန်း၏ သဘောသဘာဝနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ရမည့် အခြေခံအဆောက်အဦီ၊ ဝန်ဆောင်မှု၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးအပိုင်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ရေရှည်ကိုမျှော်ကိုး၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် စံနှုန်းများနှင့်အညီဆောင်ရွက်နိုင်ရေးနှင့် ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်အကောင်အထည်ဖေါ်သင့်သည့် မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း အကြံပြုပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော လုပ်ငန်းရှင်များ၊ ဂေါပကအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ လက်ရှိကြုံတွေ့နေရသော ကန့်သတ်ချက်၊ အခက်အခဲများနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များက ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်အနေဖြင့် မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့အစည်းကိုလည်း ဖွဲ့စည်းပြီးဖြစ်ရာ ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်သော NGOs များ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Work shop) တစ်ခု ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)