ညောင်ရွှေ နိုဝင်ဘာ ၃
အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ ကျန်းမာကြံ့ခိုင်လာစေရေးနှင့် အားကစားကို စိတ်ပါဝင်စားမှု ရှိလာစေရန်၊ ကျောင်းသားလူငယ်လေးများ၏ ကာယစွမ်းရည်ကို ဖော်ထုတ်နိုင် စေရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ အားကစားဖြင့် အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ညောင်ရွှေမြို့နယ် ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီခွဲမှစတင်၍ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းနှင့် သတ်မှတ်နေရာအသီးသီး၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်အစရှိသည့် ပြိုင်ပွဲ(၅)မျိုးကို ကျင်းပပေးလျက်ရှိပြီး ပြိုင်ပွဲသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အမျိုးသားဘောလုံးပြိုင်ပွဲဝင် (၂၇) သင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် (၁၀)သင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် (၁၈)သင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင် (၃)သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် (၄)သင်းနှင့် စားပွဲတင်တင်း နစ်ပြိုင်ပွဲဝင် (၃)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ (၃-၁၁-၂၀၂၃)မှ (၉-၁၁-၂၀၂၃)ထိဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/ပြည်နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဝင်ရောင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်လက်ရွေးစင် အားကစားသမားများ ရွေးချယ်ခြင်းဖြစ်ပြီး ထိုမှတဆင့် မြန်မာနိုင်ငံအခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်လည်း ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက် အာဆီယံ အခြေခံပညာကျောင်းများ အားကစားပြိုင်ပွဲများသို့လည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
စိုင်းအယ်ဘဲ