ကျောက်ဖြူမြို့ ကောင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ကျောက်ဖြူ   နိုဝင်ဘာ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကောင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က  ကျောင်းသား၊ကျောင်းသူများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ တစ်ခုဖြစ်သော “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် ဦးတည်ချက်နှင့်အညီ ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ပညာရှာမှီရင်း ဗလငါးတန် ဖွံ့ဖြိုးရန် ပြုစုပျိုးထောင်အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ပြီး ကောင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade – 11 ကျောင်းသား မောင်ခန့်ညီနိုင်က “လူငယ်နှင့် အားကစား” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade – 10 ကျောင်းသား မောင်မင်းခန့်ကျော်က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade – 9 ကျောင်းသူများဖြစ်သည့် မယဉ်လဲ့လဲ့ထွန်းနှင့် မယုနန္ဒာဝင်းတို့က “လူငယ်နှင့် ခေါင်းဆောင်မှု” “လူငယ်နှင့် ရည်မှန်းချက်” စသောခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ မိမိတို့သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများမှ ပြန်လည်ဆွေးနွေးဖြေကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိမှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်တို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း