နွားထိုးကြီး အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့နယ် မြို့မအခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဒုတိယမဲရုံမှူး (၂၂၀) ဦးကို အခန်း (၅) ခန်းခွဲ၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ နည်းပြ (၇) ဦးက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ မဲရုံသုံး ပုံစံများ ရေးသွင်းခြင်းနှင့် မဲရုံခင်းကျင်းပုံစံများ စသည့်အချက်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး နွားထိုးကြီးမြို့နယ် အနေဖြင့် မဲရုံ(၂၂၀)ရုံနှင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာထားရှိမှုအရ မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၆၁၀၈၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နိုင်လင်း(ပြန်/ဆက်)