မော်လမြိုင် နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကလေးများအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ပညာပေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုမီးသတ်ဦးစီးမှူးဒေါ်စိုးစန္ဒာမြင့်က ကျောင်းသား/သူများ စိတ်ဝင်စားဖွယ် ဂိမ်းကစားနည်း ၉ နည်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ကျောင်းသားကျောင်းသူများ ကိုယ်တိုင်ပါဝင်ကစားရသည့်အတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးရေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မီးဘေး၊ သဘာဝဘေးနှင့် အခြားသောဘေး အန္တရာယ်များရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာနေထိုင်ပြုမှုဆောင်ရွက်ရမည့်နည်းလမ်းများ ဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ ခေတ်မီမီးငြိမ်းသတ်ရေးယာဉ်စက်များ ခေတ်မီမီးသတ်နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများအား လက်တွေ့ကိုင်တွယ်လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသထားကာ ကစားနည်းများကို ကျောင်းသား/သူများ ကိုယ်တိုင်ပါဝင်ကစားရသည့် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ်ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်မှ အခြေခံပညာကျောင်း(၁၄)ကျောင်းများတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းထံမှ သိရသည်။
ဆက်လက်၍ မီးဘေးကစားနည်းများဖြစ်ကြသော သတ်မှတ်ထားသောပစ်မှတ်ဆီသို့ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ရသောကစားနည်း (Fire Target Shooting Game)၊ မီး၊ လောင်စာ၊ မီးငြိမ်းသတ်ရေးကဒ်များကိုအသုံးပြု၍ ကစားနည်း(Fire Tig-Tag-Toe Game)၊ စောင်ကိုအသုံးပြု၍ လူနာသယ်ဆောင်ကစားနည်း(Mawt tretcher)၊ အိမ်မှာရှိသည့်ပစ္စည်းများနှင့် ရှေးဦးသူနာပြုစုရမည့်ကစားနည်း(First AD)၊ ရေသန့်ဘူးအသုံးပြု၍ အသက်ကယ်အင်္ကျီပြုလုပ်ကစားနည်း(Making Life Jacket)၊ သဘာဝဘေးအန္တရာယ်များသည့်အခါ ယူဆောင်သွားရမည့် ပစ္စည်းများကို စဉ်းစားတတ်စေရန် ကစားနည်း(Which items will you take?)၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးကဒ် အသုံးပြု၍ ဉာဏ်စမ်းကစားနည်း (Disaster prevention Card Game)၊ ကလေးများ လွယ်ကူစွာနားလည်နိုင်သော ရုပ်ပုံများကို အဆင့်လိုက်ဆက်သောကစားနည်း (Shuffle Game)၊ ကြိုးကလေးပုံပြင် (Rope Save Life )စသည့် ကစားနည်းများကို ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ၍ ကိုယ်တိုင်ပါဝင် ကစားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)