မြောက်ဦး နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိ ပြည်တွင်း၊ပြည်ပ နယ်လှည့်သာသနာပြု “အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဝနဝါသီ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ” ကြီးမှူး၍ ရတနာပါလ နာရေး ကူညီမှုဖောင်ဒေးရှင်း၊ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း၊ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အဖွဲ့နှင့် ရက္ခပူရသာသနာလင်္ကာရအသင်းတို့မှ စုပေါင်း၍ ကျင်းပသော အကျွတ်အလွတ် ကထိန် ပွဲတော်ကို ယမန်နေ့ညနေပိုင်းက ကျောက်ရာဇ်ကေရပ်ကွက် နာရေးကူညီမှုဖောင်ဒေးရှင်းရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခန်းအနားတွင် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အောင်မင်္ဂလာ ဆရာတော်ကြီးထံမှ ငါးပါးသီခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော သံဃာတော်အရှင်မြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ဟောကြားတော်မူကြသည်။ ဆက်လက်၍ ကထိန် မ အလှူ နှင့် ကထိန်၏အခြံအရံ အလှူဝတ္ထုများကို ဆက်ကပ်လှူဒါန်း၍ မင်္ဂလာအောင်မြေနန်းဦး ဆရာတော်မှ အနုမောဒနာတရားတော်မြတ်ကို ဟောကြားချီးမြှင့်ပြီးနောက် မြောက်ဦးဆရာတော်က ရေစက်သွန်းချအမျှပေးဝေကာ ကထိန်အလှူတော်မင်္ဂလာအခန်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃) ကြိမ်ရွတ်ဆိုပြီး ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အကျွတ်အလွတ် ကထိန်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ သာသနာပြုပြည်သူများ၊ မြောက်ဦးမြို့ပေါ်ရပ် ကွက်များမှ ပြည်သူများ တက်ရောက်လှူဒါန်း ပါဝင်ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)