ညောင်ဦး နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေနန်းရင်တောအုတ်ကျောင်းတိုက် အစုအဝေးအတွင်း ဘုရားအမှတ် ၁၇၃၇ ဂူဘုရား အတွင်းရှိ ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်အား ဖူးမြှော်ပြီး နံရံပန်းချီအချို့နှင့် တည်ဆောက်မှု ဗိသုကာပညာကို လေ့လာနိုင်ကြောင်း သိရသည်။
ဘုရားအမှတ် ၁၇၃၇ ဂူဘုရားသို့ ဓမ္မရံကြီးဘုရားအဝင်လမ်းမှ မြောက်ဘက် ရွှေနန်း ရင်တောအုတ်ကျောင်းတိုက်အစုအဝေးတွင် တည်ရှိကာ မြောက်ဘက်မုခ်လှည့် ဂူဘုရားတစ်ဆူ ဖြစ်သည်။ ဂူဘုရားလိုဏ်အတွင်း ပလ္လင်တော်ပေါ်တွင် အတော်အသင့် ကြီးမားသည့် ထိုင်တော်မူဗုဒ္ဓဆင်းတုတော်တစ်ဆူ တည်ထားသည်ကို ဖူးတွေ့နိုင်ပြီး ဂူဘုရားအတွင်းတွင် နံရံဆေးရေးပန်းချီအချို့အား လေ့လာတွေ့ရှိနိုင်ကြောင်း၊ ဂူဘုရားအပြင်ဘက်တွင် အင်္ဂတေ ပန်းလက်ရာများ၊ ကျောက်ဆစ် ပန်းဆွဲလက်ရာများကို လေ့လာနိုင်ကာ ဂူဘုရားအတွင်း လေဝင်လေထွက် ကောင်းမွန်စွာ ဝင်ရောက်နိုင်ရန်နှင့် အလင်းဝင်ရောက်မှုစနစ် ကောင်းမွန်စွာ တည်ဆောက်ထားပုံ ဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်း သိရသည်။ ဘုရားအမှတ် ၁၇၃၇ ဂူဘုရား၏ အရှေ့တောင်ဘက်တွင် စူဠာမဏိဘုရား၊ တောင်ဘက်တွင် ဓမ္မရံကြီးဘုရား၊ အနောက်မြောက်ဘက်တွင် အာနန္ဒာဘုရား၊ မြောက်ဘက်တွင် ပုဂံမျှော်ဘုရားနှင့် အရှေ့မြောက်ဘက်တွင် အလိုတော်ပြည့် ဘုရားတို့ကို တဆက်တည်း ဖူးမြှော်လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)