မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကျင်းပ

မြစ်သား နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများနှင့်စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတများစွာရရှိစေရန် အမှား၊ အမှန် ဝေဖန် ပိုင်းခြားနိုင်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်စာစောင်များကို ပြည်သူ့စာကြည့်တိုက်တွင် (အခမဲ့) ငှားရမ်းပေးသည့်အပြင် လာရောက်ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ် လက်ဝယ်အရောက် ငှားရမ်းပေးခြင်းတို့ကြောင့် စာအုပ်များ ငှားရမ်းဖတ်ရှုသူများ တိုးပွားလျက်ရှိပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဒေသခံပြည်သူများ၊ စာဖတ်ပရိသတ်များနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)