အလုံ အောက်တိုဘာ ၂၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အောင်မြင်စွာ ကျင်ပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိင်းနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမိုးပြာဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးနေ ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ ရွေးကောက်ပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ လိုအပ်ချက်များကို ဖြည့်ဆည့်ပေးရန်အတွက် တင်ပြကြရန်စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းမှ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ များအနေဖြင့် မဲရုံကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများ နှင့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက လိုအပ်ချက်များကို တောင်းဆိုတင်ပြဆွေးနွေးခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး အလုံမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်၊ မဲရုံ(၂၈)ရုံရှိကြောင်း သိရသည်။
တင်တင်ချို(အလုံ)