ငါန်းဇွန်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်ရရှိရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ

ငါန်းဇွန်     နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်၌ ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဧကပန်းတိုင်အထွက် ရရှိစေရေး စံပြကွက်ဆောင်ရွက်ထားရှိသည့် အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ် (၉၁၃/၁၅၃၉)ရှိ တောင်သူဦးကြီးညို၏ ချည်မျှင်ရှည်ဝါ(B-31)မျိုး စိုက်ခင်း (၂)ဧကတွင် ယနေ့နံနက် ၁၁နာရီက တောင်သူပညာပေးလက်တွေ့ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဧကပန်းတိုင်အထွက်ရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သီးနှံပင်သက်တန်းတစ်လျှောက် အပင်ပြုစုဆောင်ရွက်သည်မှ ကောက်သိမ်းသည်အထိ ပိုး/ရောဂါကျရောက်မှုမရှိစေရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းနှင့် ကောက်သိမ်းမှုတွင်လည်း လေလွင့်မှုမရှိစေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းတို့ကြောင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးတက်ရရှိလာစေရေးတို့အား ရှင်းလင်းဆွေးနွေးပြီး အဆိုပါကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)