တာမွေ နိုဝင်ဘာ ၃
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ/ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီးဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ရီရီလွင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် “လူငယ်တွေအနေနှင့်ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များအနေဖြင့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နိုင်ကြစေရေး စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း”စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မျိုးမျိုးသန့်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းသား/သူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တို့မှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးခဲ့ကြသူများအား လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)