ဘီးလင်းမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဘီးလင်း    နိုဝင်ဘာ   ၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူ‌အောင် က ဘီးလင်းမြို့နယ် အတွင်း နွေစပါးနှင့် ဆောင်းသီးနှံများ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေး တာဝန်ခံများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရေးတို့ကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဦး က စိုက်ဧကများ လျာထားချက် ပြည့်မီစေရေးအတွက် မိမိဌာနမှ စိုက်ပျိုးပညာရှင် ကွင်းဝန်ထမ်းများက တောင်သူများအား စိုက်ပျိုးဆိုင်ရာနည်းပညာများ၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျသုံးစွဲနိုင်ရေး နည်းပညာများ၊ သီးနှံဖျက်ပိုးရောဂါများ ကာကွယ်နှိမ်နင်းနည်းများ စသည်တို့ကို သက်ဆိုင်ရာကွင်းအလိုက် အနီးကပ်ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဘီးလင်းမြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် ကျေးရွာ(၉)ရွာမှတောင်သူ ၃၈ ဦးထံသို့ စီမံကိန်းခန့်အပ်လွှာ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ဆောင်းနေကြာစိုက်ပျိုးမည့် ဧက(၅၀၀)အတွက် နေကြာမျိုးစေ့ (၃)ကီလိုဂရမ်အထုပ် (၅၀၀) တို့ကို ပေးအပ်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ နွေစပါး (၉၃၆၉) ဧက၊ ဆောင်းသီးနှံပဲမျိုးစုံ (၂၇၀၁၀)ဧက၊ ဆီထွက်သီးနှံ (၁၃၀၂၀)ဧကတို့ စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)