ပြည်ကြီးတံခွန် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ-ထ-က(ခွဲ) လ-၂၄ ကျောင်းမှ ကျောင်းသား လူငယ်မောင်မယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး အသိ ပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကား ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Grade-11 ကျောင်းသူ မဒီဇင်လင်းမြတ်က လူငယ်နဲ့ စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ခေတ်ဇေယံက လူငယ်နဲ့ Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဇွဲသော်အောင်က လူငယ်နဲ့ မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားလူငယ်မောင်မယ်များက သိရှိလိုသည်များ မေးမြန်းကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြန်လည်ဖြေကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးတင်က ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။
မြင့်မြင့်သန်း(ပြန်/ဆက်)