မိုးနဲ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု ဝမ်ကျိုင်းနားလင်းရွာ နားလင်းဘုန်းတော်ကြီးကျောင်း၌ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးမူလတန်း(လွန်)၊ တုမ်မို(ဘ/က)ကျောင်းခွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင် ဆရာတော်ကြီး သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာဃိန္ဒ၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင်၊ မြို့မိမြို့ဖ ဦးထွန်းလှနှင့် ဦးစိုင်းထွန်းအေးသန်းတို့က ဖဲကြိုးဖြတ်ကာ ကျောင်းဆောင်ရှေ့အဝင်မုဒ်ဦးအား ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်ကြီး သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမာဃိန္ဒက အဖွင့်သြဝါဒကထာ မြွက်ကြားပေးခဲ့သည်။ ဆက်လက်၍ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က အမှာစကားအသီးသီးပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးပေးခဲ့ကြကာ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာမူလတန်း(လွန်)ကျောင်း တုမ်မို(ဘ/က)ကျောင်းခွဲတွင် ပညာသင်ကြားပေးနေသော ဆရာကြီးဦးတိုးလှမှလည်း ကျောင်းဆောင်သစ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းနှင့် စည်းကမ်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးပေးခဲ့ကာ ကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးမှလည်း ကျေးဇူးတင်စကားကို ပြောကြားပေးခဲ့ပြီးနောက် အခမ်းအနားပိတ်သိမ်းခဲ့ကြသည်။
ဇင်ကိုကို(ပြန်/ဆက်)