တံတားဦးမြို့တွင် (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

တံတားဦး နိုဝင်ဘာ ၃

၂၀၂၃-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အမှာစကား ပြောကြားပြီး မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ဦးက သွေးလှူဒါန်းပေးရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တံတားဦး ခရိုင်/ မြို့နယ်ရုံးရှိ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းနေကြသည့် ဝန်ထမ်းများအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းသည် သွေးအတွက် လိုအပ်သည့် ပြည်သူများ၏ အသက်ကိုကယ်တင်ပေးခြင်းဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ယနေ့လှူဒါန်းသည့် သွေးများကို မန္တလေး ဆေးရုံရှိ သွေးလှူဘဏ်သို့ သွားရောက်လှူဒါန်းပေးမည်ဖြစ်ကြောင်း၊ သွေးများမလှူဒါန်းမီအချိန်တွင် သွေးပေါင်စစ်ဆေးခြင်း၊ သွေးအမျိုးအစား ခွဲခြားပေးခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း၊ သွေးလှူဒါန်းပေးသော ဝန်ထမ်းများအား  ကြက်ဥ(၅)လုံး ၊ Nutrivita(၁၀)လုံးပါတစ်ကဒ်၊ Royal-D(၁)ဗူး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သံဓာတ်အားဆေး(၂၀)လုံးတို့ကို ထောက်ပံ့ပေးပါကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။

အဆိုပါ သွေးလှူဒါန်းရာတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၁)ဦး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၂၄) ဦး တို့က လှူဒါန်းပေးကြောင်း၊ သွေးလှူဒါန်း ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးနှင့် ဝန်ထမ်းများ ၊ တံတားဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းတင့်လှိုင်နှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။ 

ဦးရဲတင့်(ပြန်/ဆက်)