မလှိုင် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ (ဗဟိုအဆင့်)ပြိုင်ပွဲတွင် မလှိုင်မြို့နယ်မှ ရွှေတံဆိပ်ဆုရရှိခဲ့သူများအား သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မလှိုင်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများအား မြို့အဝင်မှနေ၍ ဂုဏ်ပြုပန်းစည်းများ၊ ပန်းကုံးများ၊ ဂုဏ်ပြုဆုငွေများဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး မလှိုင်မြို့နယ်မှ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အခြေခံပညာအဆင့် အသက် (၁၀နှစ်မှ-၁၅နှစ်) မဟာဂီတအဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မောင်နောနော်အောင်နှင့် အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅)နှစ်အတွင်း (အမျိုးအသား) ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မောင်ပြည့်ဖြိုးအောင်တို့က ဆုရပြိုင်ပွဲဝင် ပြဌာန်းသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ရွှေတံဆိပ်ဆုရရှိမှုနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မြန်မာ့အနုသုခုမပညာကိုထိန်းသိမ်းသောအားဖြင့် နိုင်ငံတော်မှ ယခုပြိုင်ပွဲကို ဦးတည်ချက်(၄)ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြိုင်ပွဲဝင်များအား မြို့နယ်အဆင့်ကနေ ခရိုင်/တိုင်း/ဗဟိုအဆင့်အထိ ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ရေးအတွက် မိမိတတ်စွမ်းသမျှ အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက် ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံတော်၏အနာဂတ်ကို ဖန်တီးကြမည့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာ မျိုးဆက်သစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက် ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးအောင်လေ့ကျင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုပွဲကြိုဆိုသည့် အလှပြယာဉ်သည် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့စုရပ်မှ အ.ထ.က(မလှိုင်)၊ စာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အ.ထ.က (ပန်းအိုင်)သို့ရောက်ရှိပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အဆင့်နှင့် ခရိုင်/တိုင်း/ဗဟိုအဆင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူ ကျောင်းသား/သူလေးများက ဆုရပြိုင်ပွဲဝင် ပြဌာန်း သီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆို၊ အက၊ အရေး၊ အတီး၊ (ဗဟိုအဆင့်) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သူများအား ခရိုင်အဆင့် ဂုဏ်ပြုဧည့်ခံပွဲနှင့် ဆုချီးမြှင့်ပွဲအား မလှိုင်မြို့နယ်၌ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)