ညောင်ဦး နိုင်ဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ ဓမ္မရာဇကဘုရားကြီး မိုးကြိုးခခဲ့သည့် နေရာအား ရွှေသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရန် ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဓမ္မရာဇကဘုရားကြီးဝင်းအတွင်းရှိ တန်ဆောင်းတော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓမ္မရာဇကဘုရားကြီး ဩဝါဒါစရိယ ၊မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဥူပဏ္ဍိတမှ ဩဝါဒစကား မိန့်ကြားတော်မူကာ ညောင်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အောက်တိုဘာ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က မိုးကြိုးစက်ကွင်းခခဲ့သည့် ဓမ္မရာဇကဘုရားကြီးတွင် ကပ်လှူ ထားသည့် ရွှေသင်္ကန်းအချို့ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး ဘုရားကြီးအား ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း၊ ပျက်စီးခဲ့သည့် နေရာများအား အမြန်ဆုံး ပြန်လည်၍ ကပ်လှူနိုင်ရန် ဘုရားကြီး ငြမ်းစင်းခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကာ ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းအလိုက် ဆောင်ရွက်မည့် အစီ အစဉ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြသည်။ ဓမ္မရာဇကဘုရားကြီး မိုးကြိုးစက်ကွင်း ခခဲ့သည့် နေရာအချို့အား ရွှေသင်္ကန်း ကပ်လှူနိုင်ရန် နှစ်လက်မရွှေဆိုင်း (၇၀၀)ဆိုင်းနှင့် ဘုရားကြီးငှက်ပျောဖူးတွင် ကပ်လှူမည့် ရွှေဆိုင်း ၆၅ ဆိုင်းတို့အား ဝယ်ယူနိုင်ရေး လုပ်ငန်းကော်မတီ ဝင်များမှ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ၊ ခရိုင်သာသနာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိ ရသည်။
ဒီပါလင်း(ပြန်/ဆက်)