ဥတ္တရသီရိ နိုဝင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ၊ အားကစားပေါင်းစုံ ထူးချွန်လူရွေးချယ်ခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မအူလေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အားကစားကွင်းတို့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါက်တာမာမာဇင်က အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များမွေးထုတ်ပေးရာ အခြေခံအဆောက်အအုံဖြစ်သည့် အားလျော်စွာ ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏလုပ်သားကောင်းများ၊ အားကစားထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာ၌ အခြေခံပညာအဆင့် ကျင်းပဆောင်ရွက်ခြင်းသည် ပညာရေးဝန်ကြီးဌာနအတွက် အထူးအလေးပေးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး မင်းကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစန်းအောင်က မြို့နယ်အဆင့် ကျောင်းသားအားကစားပွဲတော် ကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကျား/မ ပြိုင်ပွဲများဖြစ်ကြသော ဘောလုံး၊ ဘော်ဘီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ပြေးခုံပြစ်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘော စသောပြိုင်ပွဲများကို မြို့နယ်အဆင့် နိုဝင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပကာ အတော်ဆုံးနှင့် အကောင်းဆုံးကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအဆင့် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော် တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးကြာညို၊ ဥတ္တရခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒေါ်ချိုချိုနှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)