မိုင်းပျဉ်းမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မိုင်းပျဉ်း နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးသည့် မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာအုပ်စု ဝမ်ယန်းကျေးရွာရှိ တောင်သူ ဦးလုံခမ်း၏ စံပြစိုက်ကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းရာ၌ တစ်ဧကလျှင် စပါးအစိုအထွက် ၁၃၆ ဒသမ ၆၇ တင်း၊ စပါးအခြောက်အထွက် တစ်ဧကလျှင် ၁၁၉ ဒသမ ၆၂ တင်းနှုန်းထွက်ရှိပြီး မျှော်မှန်း အထွက်နှုန်းပြည့်မီကြောင်းနှင့် မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၃−၂၀၂၄ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ၂၀၆၁၁ ရှိပြီး၊ ဆင်းဧကရီ−၃ မျိုးစပ်ကို ၂၅၆၃ ဧက အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ်တွင် မိုင်းပျဉ်းမြို့နယ်၌ စမ်းစိုက်တောင်သူများ သတ်မှတ်မိုးစမ်းပန်းတိုင်မျှော်မှန်း အထွက်နှုန်းပြည့်မှီကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မိုင်းပျဉ်းမြို့နယ် ဝမ်ယန်းကျေးရွာ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းသို့  မိုင်းပျဉ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်း၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)