လားရှိုး နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ မြို့တွင်းသွားလာမှုများ အနည်းငယ်နည်းပါးသွားသော်လည်း နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်းပြန်လည်စည်ကားလာပြီး ဈေးဆိုင်များလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
“မြို့အနီးဝန်းကျင်တွေမှာ ပစ်ခတ်မှုတွေတော့ရှိတယ်။ မနေ့ညကဆိုရင်လည်း မြို့ပြင်တပ်ဘက်ကနေ လက်နက်ကြီးပစ်ခတ်သံတွေကြားတယ်။ မြို့အနီးက ပတ်ဝန်းကျင်တွေမှာတော့ အရင်ရက်တွေကလောက်တော့ ပစ်ခတ်မှုမရှိတော့ဘူး။ ဒါပေမယ်သတိတော့ထားနေရတုန်းပဲ။” ဟု ဒေသခံတစ်ဦးကဆိုသည်။
လားရှိုးမြို့တွင်းတွင်မူ ယခင်ရက်များက ဈေးဆိုင်များပိတ်ထားခြင်း၊ မြို့တွင်းသွားလာမှုနည်းပါး သွားခြင်းများရှိခဲ့သော်လည်း နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ပုံမှန်နီးပါး ပြန်လည်စည်ကားလာပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့သို့ မန္တလေးမှလာရောက်သည့် ဂုတ်တွင်းလမ်းဖြတ်သန်းခွင့်မရသေးသဖြင့် ခရီးသွားများအနေဖြင့် လားရှိုး-သီပေါ - နမ့်လန်- ကျောက်ဂူ-အင်တော- ရပ်စောက်- ရွာငံ-ဟံမြင့်မိုရ် - ကျောက်ဆည်-မန္တလေးလမ်းအတိုင်း သွားလာနေကြရကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)