လားရှိုး နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော ယာယီနေရပ်စွန့်ခွာသူများအတွက် ဒေသခံပြည်သူများက စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို စေတနာရှင် အလှူရှင်များက နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း လာရောက်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာသူများအတွက် စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီနှင့် အလှူငွေများ၊ အစားအသောက်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို လှူဒါန်းကြကြောင်း သိရသည်။
အချို့သော အလှူရှင်များက ယာယီနေရပ်စွန့်ခွာသူများအတွက် ထမင်းနှင့် ဟင်းများကို ချက်ပြုတ်ကာ ဗူးများအတွင်းထည့်ပြီး လာရောက်ဝေငှလှူဒါန်းကြသည်ကိုလည်း တွေ့ရသည်။
“ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး လားရှိုးမန်ဆူကျောင်းနဲ့ အခြားတိုက်ပွဲရှောင်တဲ့နေရာတွေမှာ ယာယီနေရပ်စွန့်ခွာနေကြသူတွေကို ထမင်း၊ ဟင်းနဲ့ ရေသန့်၊ အအေးစသဖြင့်ပေါ့ စုပေါင်းပြီး လာလှူကြတာပါ။ ကျွန်တော်တို့ ထမင်းဘူးစုစုပေါင်း သုံးထောင်လောက် လုပ်ခဲ့တယ်။”ဟု ကိုသားကြီးက ပြောသည်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယခင်ရက်ပိုင်းများတွင် ယာယီနေရပ်စွန့်ခွာသူဦးရေ သုံးထောင်ဝန်းကျင်ခန့်ထိရှိခဲ့သော်လည်း ယနေ့တွင် နှစ်ထောင်ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)