မိုင်းယန်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖျန် အခြေခံပညာအလယ်တန်းကျောင်း(ဇော်လှိုင်)၌ သောက်သုံးရေလောင်ကန် တည်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သည့်အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးရန်ကျော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် “ဝ”ပြည်နယ်အထူးဒေသ(မိုင်းဖျန်)မှ တာဝန်ရှိသူများတို့မှ မိုင်းဖျန် အခြေခံပညာအလယ်တန်းကျောင်း(ဇော်လှိုင်) ကျောင်းဝန်းအတွင်း ကိုယ်ထူကိုယ်ထရေတာတမံ၊ ရေပိုက်သွယ်တန်းခြင်း(၄/၀)မိုင်၊ ဂါလံ(၄၀၀၀)ဆံ့အုပ်ရေကန် ဆောင်ရွက်ပေးနိုင်ရန်အတွက် လက်ရှိရေသုံးစွဲမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေလောင်ကန်တည်ဆောက်ပြီးစီးပါက ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၅၅)ဦးခန့် လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး