ကွမ်းခြံကုန်း အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအား မြို့နယ် အတွင်း ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်း များကို ယခုလ(၈)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်းနှင့် ဇာတိမာန်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အသိပညာပေးနှိုးဆော်ခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ငွေချမှတ် ပေးဆောင်စေခြင်း ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုအား မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်ရောင်းချရန်၊ မေးစေ့ အောက်ဆွဲချမထားရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည် အသုံးပြု၍ (သို့မဟုတ်)ရေဖြင့် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ထိစပ်မှုမရှိစေရေး သတိထားရှောင်ရှားရန်၊ အရေးကြီးကိစ္စမရှိဘဲ ပြင်ပသွားလာခြင်း များ မပြုလုပ်ရန်တို့ကို အသိပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း(mask)တပ်ဆင်လာခြင်းမရှိသူများကို ဒဏ်ငွေ(၂၀၀) ပေးဆောင်စေ၍ နှာခေါင်းစည်း(mask)တစ်ခုပေးပြီး ချက်ချင်းတပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ အလားတူဇာတိမာန်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီပေါ်တွင် သွားလာနေသော အများပြည်သူများ၊ အနှေးယာဉ်၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါစီးနင်း လာကြသူများ အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းဖြင့် အလေးထားလိုက်နာမှုရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)