နမ့်ဆန်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန VDP စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ (၆) ရွာတွင် ဆောင်ရွက်ပြီးစီးသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နမ့်ဆန်          အောက်တိုဘာ     ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် VDP စီမံကိန်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်ပြီးစီးခဲ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာအား VDP  စီမံကိန်းဖြင့် ကျေးရွာ လူထုများက အဆိုပြု တင်ပြလာသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး VDP  စီမံကိန်းရရှိသည့် ကျေးရွာများမှာ လုံတောက်ကျေးရွာ၊ မန်မိုင်မိန်းကွမ်း ကျေးရွာ၊ ဟိုချောင်းကျေးရွာ စသည့်ကျေးရွာ (၃)ရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီး ဇယန်းမြောက် ကျေးရွာတွင် ချောင်းကူး တံတား(၁)စင်း၊ ညောင်ပင်သာ ကျေးရွာတွင် ဘက်စုံသုံး ခန်းမဆောင် လုပ်ငန်းနှင့် လွယ်ခမ်း ကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ စီမံကိန်း ရရှိသည့် ကျေးရွာတစ်ရွာလျှင် VDP  စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀) ခွင့်ပြုပေးပြီး ကျေးရွာလူထုများ၏ ထည့်ဝင်ငွေများနှင့် ပူးပေါင်း၍ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားမှု ရှိ/မရှိ  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်၊ ဒုတိယဦးစီးမှူး ဦးကျော်သန်းနှင့် ဝန်ထမ်းများတို့က တစ်ရွာချင်းအလိုက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)