ပေါင်မြို့နယ်၌ နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပေါင် နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယခုနှစ်နွေစပါးနှင့် ဆောင်းသီးနှံများစိုက်ပျိုးကာလ၌ လျာထားဧကများထက် ကျော်လွန်ပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမည့် စီမံကိန်းတာဝန် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က မြို့နယ်အတွင်း နွေစပါးနှင့်ဆောင်းသီးနှံများ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ တာဝန်ရှိသူတို့အနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်အောင် စနစ်တကျကြီးကြပ်ဆောင်ရွက်ရန် နှစ်စဉ်စီမံကိန်းချမှတ်ဆောင်ရွက်နေမှုများနှင့် မိမိတို့ကျေးရွာအလိုက် စိုက်ပျိုးနိုင်သည်တို့ကို  အမှာစကားပြောကြာသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပေါင်မြို့နယ်အတွင်း နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးမည့် ကျေးရွာပေါင်း(၃၆)ရွာတို့ထံ စီမံကိန်းခန့်အပ်လွှာတို့ကို ပေးအပ်ရာ ကျေးရွာအလိုက် တာဝန်ရှိသူတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပေါင်မြို့နယ်အတွင်း ယခုနှစ် စိုက်ပျိုးရာသီ၌ နွေစပါး (၁၉၄၄၆) ဧကနှင့် ဆောင်းသီးနှံ ပဲမျိုးစုံ (၃၃၃၂)ဧက၊ နေကြာ (၁၀၀၀)ဧက၊ မြေပဲ(၈၄၁) ဧက၊ နှမ်း (၂၇၅) ဧကတို့ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)