မုဒုံမြို့၌ မိုးစပါးရိတ်သိမ်းချိန်လွန် နည်းပညာပေးဆွေးနွေးပွဲနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၂

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာပေးဆွေးနွေးပွဲနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဘဲရမ်းကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က စပါးများအချိန်မီရိတ်သိမ်းပြီး အရည်အသွေးကောင်းမွန်စေရန်အတွက် အစိုဓာတ်ရာခိုင်နှုန်းတိုင်းတာခြင်း၊ စနစ်တကျ နေလှန်းအခြောက်ခံခြင်း၊ သန့်စင်ပြီးစပါးများကို စနစ်တကျသိမ်းဆည်းသိုလှောင်ခြင်း အကြောင်းအရာများကို တောင်သူများအား ရှင်းလင်းပြောကြားဆွေးနွေးပေးခဲ့သည်။

ထို့နောက် ဘဲရမ်းကျေးရွာရှိ တောင်သူ ဦးဘသိန်းပိုင် ကွင်းအမှတ် ၈၄၃ ရှိ မိုးစပါး ပျိုးသက်နု ကောက်ကွက်ကြဲ (SRI) နှစ်ဧက စံပြကွက်ရိတ်သိမ်းပွဲကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရိတ်သိမ်းခဲ့ကာ စပါးအစိုတစ်ဧက အထွက်နှုန်း ၆၅ ဒသမ ၁၁ တင်းထွက်ရှိသည်။ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းအား စပါးအထွက်နှုန်း သိရှိနိုင်စေပြီး အထွက်မိတ်ဖက်များကို ကြည့်ခြင်းအားဖြင့် နောင်နှစ်စပါးစိုက်ချိန်တွင် အထွက်နှုန်းပိုမိုတိုးတက်လာစေပြီး တောင်သူများ သိရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်။

မုဒုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ဧက ၇၄၈၃၄ ဧကကို လျာထားပြီး ၇၅၁၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများက မိုးစပါးများကို စတင်ရိတ်သိမ်းဆောင်ရွက်နေပြီး စပါးအထွက်နှုန်းကောင်းမွန်ကာ မိုးစပါးပေါ်ချိန် စျေးကောင်းရရှိသည်။

သားငယ် (ပြန်/ဆက်)