ကျိုက်မရောမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကျိုက်မရော နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ စာရင်းကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်စိုးလင်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း စာရင်းပေးထားသောစာရင်းကောက်အဖွဲ့များမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းပုံစံပါ လူတွေ့မေးမြန်းခြင်းဆိုင်ရာ အချက်အလက်များ၊ မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေနှင့် အမျိုးအစား၊ ၂လ အောက်နှင့် ၂ လမှ ၆ လအထိ၊ ၆ လအထက်အထီးအမ၊ စုစုပေါင်း ကျွဲ၊ နွားများ၊ နို့ညှစ်ခြင်းဆိုင်ရာအချက်အလက်များ၊ ကြက်၊ ဘဲ၊ ငုံး၊ မွေးဖြူခြင်းဆိုင်ရာများ၊ မျိုးရင်းခြံ၊ မွေးမြူရေးခြံတည်ရှိမှုအစရှိသည့် အချက်အလက်များကို ကောက်ယူကြကြောင်း သိရသည်။

မြေပြင်ရှိ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများအား နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နှစ်လတာကာလအတွင်း မြို့နယ်လုံးကျွတ်ပြီးစီးအောင် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ အောင်စိုးလင်းထံမှ သိရသည်။

 မိချို (ပြန်/ဆက်)