လင်းခေး နိုဝင်ဘာ ၂
၂၀၂၃ ခုနှစ် (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (အကြို) ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် လင်းခေးမြို့ သမိုင်းဝင် မဟာမြတ်မုနိဘုရားကျောင်းတော် ပုရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးမြို့ဆောင်နှင့် မဟာမြတ်မုနိ ဘုရားကျောင်းတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းသန်းကျော်နှင့် ခရိုင်ရုံးမှ တာဝန်ရှိသူတို့က ကျောင်းတော်အတွင်းရှိ မဟာမြတ်မုနိဘုရား ဆင်းတုတော်အား မျက်နှာတော်၊ ကိုယ်လုံးတော်တို့ကို ရေသပ္ပာယ်ပေးခြင်း၊ ပန်းဆီမီးကပ်လှူ ပူဇော်ကန်တော့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အလားတူ ခရိုင်ရုံးနှင့် မြို့နယ်ရုံးရှိ အရာထမ်းအမှုထမ်းများ (၅၀) ဦးခန့်က ကျောင်းပုရိဝုဏ်အတွင်းရှိ၊ ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများအား ရေသပ္ပာယ်ပေးခြင်းနှင့် အမှိုက်လှဲခြင်း၊ သယ်ယူစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ၄င်းဆောင်ရွက်ကြရာသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်