လယ်ဝေး နိုဝင်ဘာ ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးပွဲများကို နိုဝင်ဘာ ၃ ရက်တွင် လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂)နှင့် အ.ထ.က (၂) လယ်ဝေးတို့၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လူရွေးပွဲများအား နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် လေ့ကျင့်ရေးစခန်း၊ အမှတ် (၂)၌ ကြက်တောင်၊ စားပွဲတင်တင်းနစ် အားကစားနည်းများ၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် အ.ထ.က (၂)၌ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘတ်စကက်ဘော အားကစားနည်းများ၊ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် လယ်ဝေးမြို့နယ် အားကစားကွင်း၌ ဘောလုံးအားကစားနည်း၊ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်တွင် လေ့ကျင့်ရေးစခန်း၊ အမှတ် (၂)၌ ပြေးခုန်ပစ် အားကစားနည်းများအတွက် လူရွေးပွဲများ ကျင်းပသွားမည်ဖြစ်ရာ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် တက်ရောက်နေသည့် အသက် ၁၈ နှစ်အောက် အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ရွေးချယ်ခံရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)