လဲချား အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်သည့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက အဖွင့်အမှာစကားပြောကြား၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ဆောင်ရွက်မည့်အခြေအနေများကို ပြောကြားခဲ့ပြီးအတွင်းရေးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးလှိုင်ဝင်းက စာရင်းကောက်ယူရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းအကျိုးကျေးဇူး၊ စာရင်းကောက်ယူမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စာရင်းကောက်ယူမည့် ပုံစံစာရွက်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး က ပြန်လည် ဖြေကြားခဲ့သည်။
လဲချားမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ယနေ့နေ့လည်ပိုင်းတွင် မြို့မအုပ်စုနှင် ရပ်ကွက်(၄)သို့သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)