ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

စစ်တွေ          နိုဝင်ဘာ  ၂

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် ကျေးတော(ရွာမ)၌ ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း အခမ်းအနားနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် တိရစ္ဆာန် အရင်းအမြစ်များစွာ ကျန်ရှိနေသေးသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပထဝီအနေအထားအရ ဒေသတွင်းကုန်သွယ်မှုအတွက် အချက်အချာကျသည့် နေရာမှာတည်ရှိကြောင်း၊ တိုးတက်လာသည့် လူဦးရေအတွက် လုံလောက်သော အသား၊ နို့၊ ဥ စသည့် အသားဓာတ်များထုတ်လုပ်ပေးနိုင်မည့် စွမ်းအားရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းအဖြစ် တိုးချဲ့မွေးမြူလာစေရန် ကောင်းမွန်သည့် မွေးမြူရေးလုပ်ငန်းစဉ်များကို ကျင့်သုံးပြီး သုတေသနကို အခြေခံ၍ နည်းပညာများ ဖြန့်ဖြူးခြင်း စသည့်အဘက်ဘက်က ကြိုးစားအားထုတ်ဖို့လိုအပ်ကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်မှ အရင်းအမြစ်များကို မထိခိုက်စေရန် ပြည်နယ်အတွင်း စားသုံးမှုဖူလုံအောင် ပိုလျှံများကို ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်ချနိုင်အောင် ဈေးကွက်နှင့် ကိုက်ညီသည့် ထုတ်ကုန်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းထားရှိပြီး အားလုံးပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် စာရင်းကောက်ဦးရေ ၄၅၁ ဦး၊ ရပ်ကွက်  ကျေးရွာပေါင်း ၇၉၄ ခုရှိ တိရစ္ဆာန်များစာရင်းနှင့် ရပ်ကွက်ကျေးရွာများရှိ စီးပွားဖြစ် မွေးမြူရေးခြံများမှ ကောက်ယူရှိသည့် စစ်တမ်းများအား Commcare Application ကို အသုံးပြုပြီး Tablet၊ Mobile Phone များဖြင့် အချက်အလက်များ ဖြည့်စွက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ပြည်နယ် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ခရိုင် ၅ ခု ၊ မြို့နယ် ၇ ခု မှ ကျေးရွာပေါင်း ၁၁ ရွာရှိ ကျွဲ၊ နွားမွေးမြူရေး တောင်သူများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၀ ဒသမ ၅၄ ဘီလီယံ ထုတ်ချေးဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီး အသားစားကြက်၊ ဥစားကြက်၊ ဆိတ်နှင့် ဝက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၃ဒသမ၂၃၂ ဘီလီယံ ထပ်မံထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဦးက ၂၀၂၃ ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မွေးမြူရေးသမားများကိုယ်စား မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးအား မွေးမြူရေးဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျေးတော(ရွာမ)ကျေးရွာရှိ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှု အခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။ အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကာလသည်ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အလွန်ကာလဖြစ်သည့်အတွက် ဌာနဆိုင်ရာအသီးသီးက မိမိတို့ဌာနလုပ်ငန်းများကို လုပ်ဆောင်နေ သည်ကိုတွေ့ရပါကြောင်း၊ မည်သို့ပင်အခက် အခဲ့ရှိစေကာမူ အောင်အောင်မြင်မြင်ဆောင်ရွက် နိုင်ခဲ့သည့်အတွက် မိမိတို့အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီး၏ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ တချို့သော အားနည်းချက်များရှိသော်လည်း ထိုအားနည်းချက်များကို သင်ခန်းစာယူကာ တိုးတက်ပြောင်းလဲအောင် ပြုပြင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလားတူ မိုခါအလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာအသီးသီးက သက်ဆိုင်ရာဘဏ္ဍာရန်ပုံငွေများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်သည့်အတွက် မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျဆောင်ရွက်ထားကြစေလိုကြောင်း၊ နောက်တစ်ခုက စစ်တွေမြို့ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်း ဖြစ်ကြောင်း၊ စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးကော်မတီကိုဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများကို ဖွဲ့စည်းကာစီမံဆောင်ရွက်လျက် ယခုတက်ရောက်လာကြသော ဌာနဆိုင်ရာများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်များ ပေးအပ်ထားပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ကျရာအခန်းကဏ္ဍက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် လိုအပ်သည့် အကြံအဉာဏ်ကောင်းများရှိလျှင်လည်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)