လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေး နိုဝင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် ကုန်းပေါ်စုရွာ၊ တလုပ်ပင်ရွာ၊ ကန်ဘေးကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကုန်းပေါ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးရာ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နီဦးခဲက မိတ်ဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဒေသခံများ၏ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများထံ တင်ပြဆွေးနွေးရန် မှာကြားသည်။

ထို့နောက် လယ်​ဝေးတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး မင်းမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဦးစီးမှူး ဦးခင်​​မောင်ထွေး၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူးဒုရဲမှူး​ ကျော်ဦး၊ လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထက်ခိုင်စိုး၊ ပြန်ကြားရေးနှင့်​ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝင်း၊ ကျေးလက်ဒေသဖွံ့​ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးရန်နိုင်စိုးတို့က ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး တလုပ်ပင်ကျေးရွာနှင့် ကန်ဘေးကျေးရွာများသို့သွား​ရောက်၍ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းနောက် ကျေးရွာနေပြည်သူများအား တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာ ၅၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အထွေထွေကျန်းမာရေး စစ်ဆေးခြင်း ၆၀ ဦး၊ သွေးအမျိုးအစားစစ်ဆေးခြင်း ၃၉ ဦး၊ ပေါင်း ၉၉ ဦးတို့အား ဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ နိုင်ငံသားကတ် ၃၅ ဦး၊ အိမ်ထောင်စုမွေးတိုး/သေဆုံး/ အိမ်ထောင်စု ၁၀၃ ခု နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)