ညောင်ရွှေ နိုဝင်ဘာ ၂
အင်းလေးဖောင်ဦး မြတ်စွာဘုရား ရုပ်ရှင်မြတ်များ အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီအပူဇော်ခံပြီး ယမန်နေ့နံနက်(၉)က ရေသာကုန်းကျေးရွာကျောင်းမှ မူလစံကျောင်းတော်သို့ ပြန်လည်ကြွဝင်လာရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကရဝိတ်ဖောင်တော်ပေါ်မှ ပင့်ဆောင်ပေးကြပြီး မူလကိန်းဝပ်စံပယ်တော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဖောင်တော်ဦး မြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းတို့ ဆက်ကပ်လှူဒါန်းပေးကြပြီး အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ၂၁ ဌာန အပူဇော်ခံသင်္ကန်းတော်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကြွရောက်လာကြသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်သူတို့အားပေးအပ်ခဲ့ကြပြီး အင်းလေးဒေသ သာလေးကျေးရွာအုပ်စု နမ့်ဟူးကျောင်းဆောင်၌ ဖောင်တော်ဦး မြတ်စွာဘုရား မူလကိန်းဝပ်စံပယ်တော်မူသော စံကျောင်းတော်ဝင်ပွဲကျင်းပရာ ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက်ဦးစီးပဓန နာယကအဘိဓဇမဟာရဋ္ဌ ဂုရုဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များနာယူကာ ကြည်ညိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်သြဝါဒါစရိယ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)