ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကျိုက်ထို နိုဝင်ဘာ ၂

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၉)နာရီအချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြသည်။

စာရင်းကောက်ယူရာတွင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကို ဦးဆောင်‌သောအဖွဲ့မှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းပုံစံပါ လူတွေ့မေးမြန်းခြင်း ဆိုင်ရာအချက်အလက်များ၊ ဖြေကြားသူနှင့်အိမ်ထောင်စုဆိုင်ရာ အချက်အလက်များ၊ မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေနှင့် အမျိုးအစား၊ (၂)လအောက်နှင့် (၂)လမှ (၆)လထိ၊ (၆)လအထက်အထီး၊ အမ၊ သင်းကွပ်ထားသည့် အထီးစုစုပေါင်းကျွဲ၊ နွားများ၊ နို့ညှစ်ခြင်းဆိုင်ရာ အချက်အလက်၊ သားစပ်ခြင်းနှင့် နွားသိုးမွေးမြူခြင်းဆိုင်ရာ အချက်အလက်များ၊ ကြက်၊ ဘဲ၊ ငုံး၊‌ မွေးမြူခြင်းဆိုင်ရာ အချက်အလက်နှင့်မျိုးရင်းခြံ၊ မွေးမြူရေးခြံတည်ရှိမှုအစရှိသည့် အချက်အလက်စာရင်းများကို ကောက်ယူကြ‌ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူရေးလုပ်ငန်းအား  နိုဝင်ဘာ(၁)ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ (၂)လတာကာလအတွင်း တစ်မြို့နယ်လုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်