ပင်လုံ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)ရုံးတွင် အသက်ကိုးနှစ်မှ ၁၀ နှစ် အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသစ် (အိတ်ချ်ပီဗီ)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် ယခုနှစ်မှ စတင်ထည့်သွင်း ထိုးနှံပေးခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပင်လုံမြို့ ရပ်ကွက်(၂)ရှိ အသက်ကိုးနှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ ရပ်ကွက် (၃)နှင့် ရပ်ကွက်(၄) ရှိ အမျိုးသမီးငယ်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ရုံးအသီးသီး၌ ဆက်လက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်လုံမြို့တွင် အသက်ကိုးနှစ်မှ ၁၀နှစ်အထိ အမျိုးသမီးငယ်ဦးရေ (၄၈၆)ဦးကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်မှုအပြည့်အဝ ရရှိစေရန်အတွက် ၁၂လ အကြာတွင် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနထံမှ သိရသည်။
နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)