ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် နေပြည်တော်စာပေဝိုင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၁၄ ဦးတို့က ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ဆိုင်ရာ အသိပညာပေး စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)