ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာတွင် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရပ်စောက် နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၂၀၂၃)ခုနှစ် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက မကျီးကုန်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းစိုးနိုင်က (၂၀၂၃)ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဆောင်းနှင်းဖြူဖြူက (၂၀၂၃) ခုနှစ် နိုင်ငံတော်အဆင့် တိရာစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းအကျိုးကျေးဇူး ရလဒ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံ၏ တိရာစ္ဆာန်ကောင်ရေနှင့် တိရာစ္ဆာန်ထွက်ကုန် ထုတ်လုပ်မှု စာရင်းဇယားများ တိကျစွာထုတ်ပြန်နိုင်ရန်နှင့် တိရာစ္ဆာန်အရေအတွက် တိုးပွားမှုဆိုင်ရာ တွက်ချက်မှုနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နှစ်အလိုက် မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေအား ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှု ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း၊ ပြည်ပ စျေးကွက်လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှု အစီအစဉ်များ ချမှတ်နိုင်ခြင်း၊ မွေးမြူမူ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုး‌ရေးဆိုင်ရာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းစီမံကိန်း၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဟူသော အကျိုးကျေးဇူးများရရှိစေရန် မျှော်မှန်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိရစ္ဆာန်ကောင်ရေစာရင်းကောက် လမ်းညွှန်လက်စွဲစာအုပ်နှင့် မေးခွန်းလွှာ ပုံစံများအား မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက စာရင်းကောက်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား (၂၀၂၃ခုနှစ်) နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ပြီး (၂၀၂၄ခုနှစ်) ဇန်နဝါရီလအတွင်းတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြို့နယ်(ပြန်ဆက်)