သံဖြူဇရပ် နိုဝင်ဘာ ၁
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။
စာရင်းကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းနှင့် ဦးစီးအရာရှိ ဒေါက်တာသက်စိုးနိုင်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းသင်တန်းပေးထားသော စာရင်းကောက်များမှ သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ မြို့နယ်တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် ကော်မတီအဖွဲ့ဝင်များ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး၊ စာရင်းကောက်ယူခြင်းလုပ်ငန်းအား နိုဝင်ဘာ (၁)ရက်နေ့မှစ၍ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ (၂)လတာကာလအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းကို မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ နှစ်အလိုက် တိရစ္ဆာန်ကောင်ရေ စာရင်းအား ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှုအား ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှု အစီအမံများ ချမှတ်နိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာရင်းကောက်ယူခြင်းလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်(၃)ခုနှင့် ကျေးရွာ (၉)ရွာ စုစုပေါင်း (၁၂) နေရာတို့တွင် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)