ပုဗ္ဗသီရိ နိုဝင်ဘာ ၁
ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုအုပ်စု ညောင်ပင်ကြီးစုကျေးရွာ ရွာလည်ဓမ္မာရုံ၌ နွေသီးနှံ နွေစပါး ဆည်ရေသောက် တောင်သူများနှင့် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သိန်း၊ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထက်အောင်ကျော်၊ မြို့နယ် မြေစာရင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးတင့်မော်နှင့် တာဝန်ရှိသူများ၊ ညောင်ပင်ကြီးစု ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာအုပ်စုများမှ တောင်သူများ စုစုပေါင်း ၉၁ဦး တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်က တက်ရောက်လာသော တောင်သူများအား လမ်းဘေးဝဲယာရှိ လယ်ကွက်များတွင် နွေစပါး၊ နွေသီးနှံ တိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ တင်ပြသွားရန် ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး၊ ဆည်မြောင်းဌာနများမှ တာဝန်ရှိသူများမှလည်း စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)