ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ လက်ဖက်၊ ပြောင်း၊ ဂျင်း၊ အာလူး၊ ခရမ်းချဉ်၊ လိမ္မော်၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ် စသည်များ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချလျက် ရှိသည်။ ယင်းစိုက်ပျိုးသီးနှံများအနက် လိမ္မော် စိုက်ပျိုးပြီး ဝင်ငွေကောင်းမွန်လျက်ရှိသည့် ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထာငိုကျေးရွာမှ တောင်သူတစ်ဦးအား လိမ္မော်သီးများ စိုက်ပျိုးတင်ပို့ ရောင်းချနေမှုအခြေအနေကို တွေ့ဆုံမေးမြန်းရေးသားလိုက်ရပါသည်-
မေး။ လိမ္မော်ပင်ကို စိုက်ပျိုးဖြစ်ခဲ့တဲ့အကြောင်းလေး ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ။ ဒီလိမ္မော်ကို ၂၀၁၃ ခုနှစ်ကနေမှ စတင်စိုက်ပျိုးခဲ့ပြီး ဘိုးဘေးတွေ စတင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်း ဖြစ်တာကြောင့် အစဉ်အဆက်စိုက်ပျိုးလာခဲ့ရာမှ ယခုဆိုရင် ဒီလိမ္မော်ခြံက နှစ်ပေါင်း ၁၀ နှစ် ကျော်ခဲ့ပြီးဖြစ်ပါတယ်။
မေး။ ဒီလိမ္မော်ပင်တွေ မစိုက်ပျိုးခင် ကာလတွေတုန်းက မြေတွေကို ဘယ်လိုပြုပြင်ရသေးလဲ ပြောပြပေးပါဦးခင်ဗျ။
ဖြေ။ မစိုက်ပျိုးခင်တုန်းကတော့ အရင်ဦးဆုံး ပေါင်းမြက်များကို မြက်ရိတ်စက်နဲ့ ရိတ်ခဲ့ရတယ်၊ မြက်ရိတ်ပြီးတော့ မြေတွေကို မွသွားအောင် ထွန်စက်နဲ့ထွန်ပြီး ထွန်ပြီးသားမြေကို ညီညာနေအောင် အရင်ဦးဆုံး ညှိရတယ်။ ပြီးမှ စိုက်ရတာပေါ့။ အပင်မစိုက်မီ သုံးလခန့် ကြိုတင်ပြီး ကျင်းတွေကို တူးရပါတယ်။ နှစ်ပေအနက်တူးပြီး နွားချေးနဲ့ ဆွေးတွေကို စိုက်ကျင်းအထက် လေးလက်မလောက် မောက်အောင် ဖို့ပြီး မြေနှပ်ထားရတယ်။ ပင်ကြား တန်းကြား အကွာအဝေးကလည်း တစ်ပင်နဲ့တစ်ပင် ထိမနေစေဖို့ လိုအပ်ပါတယ်။
မေး။ ဒီလိမ္မော်ပင်ကို ဘယ်လို မြေအမျိုးအစားမှာ စိုက်ပျိုးဖြစ်ထွန်းပါသလဲခင်ဗျ။
ဖြေ။ မြေသားထုနက်ပြီး သဲကဲ့သို့ မဖွာ၊ မစေးသောမြေမျိုးမှာ ကောင်းစွာ ဖြစ်ထွန်းပါတယ်ဗျ။
လိမ္မော်စိုက်ပျိုးဖို့ အကောင်းဆုံး မြေချဉ်ငံဓာတ်က pH(၆၇)ဖြစ်ရမယ်။ ရေဝပ်သောမြေနှင့် စိမ့်ပေါက်သောမြေတွေမှာ အပင်မဖြစ်ထွန်းနိုင်ဘူးဗျ။
မေး။ ကျင်းထဲထည့် စိုက်ပျိုးဖို့ ဘယ်လိုအချိန်လောက်မှာ သင့်တော်ပါသလဲဗျ။
ဖြေ။ ပျိုးပင်သက်တမ်း အနည်းဆုံး တစ်နှစ်ခွဲကနေ နှစ်နှစ်သားခန့်ရှိမှ ကျင်းထဲထည့် စိုက်ပျိုးသင့်ပါတယ်။ မိုးရွာသွန်းမှုပေါ်မူတည်ပြီး ဇွန်၊ ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ စိုက်ပျိုးသင့်ပါသည်။
မေး။ အပင်တွေ ကောင်းကောင်းမွန်မွန် ရှင်သန်ကြီးထွားဖို့ ပေါင်းမြက်တွေကို ဘယ်လို ရှင်းပေးရပါ သလဲဗျ။
ဖြေ။ အပင်ကောင်းကောင်းမွန်မွန်နဲ့ ရှင်သန်နေဖို့ဆိုရင် အပင်ခြေမှာရှိတဲ့ ပေါင်းပင်တွေ မြက်တွေကို အမြဲရှင်းထားရပါတယ်။ အပင်ငယ်ရင်တော့ အပင်ရဲ့ ဘေး ပတ်ဝန်းကျင် နှစ်ပေပတ်လည်၊ အပင်ကြီးရင်တော့ (၄)ပေပတ်လည်ထိ ပေါင်းတွေကိုရှင်းရပါတယ်။ မိုးရာသီမှာ ပေါင်းပင်တွေ အလွယ်တကူ ပေါက်နိုင်လို့ မိုးတွင်းဆိုရင် မြေကို (၂)ကြိမ်၊ နွေရာသီဆိုရင် မြက်ပင်က မပေါက်နိုင်တော့ မြေကို (တစ်ကြိမ်) ဆွပေးရပါတယ်။
မေး။ အပင်အတွက် လိုအပ်တဲ့ အာဟာရတွေအတွက် မြေဩဇာထည့် ပေးရသေးလားဗျ။ ထည့်ရရင် ဘယ်လိုမြေဩဇာတွေကို သုံးပါသလဲခင်ဗျ။
ဖြေ။ အပင်အတွက် လိုအပ်တဲ့ အာဟာရအတွက် အများအဖြင့် သဘာဝမြေဩဇာတွေဖြစ်တဲ့ နွားချေးကို ထည့်ကြရပါတယ်။ တချို့က (N:P:K) အချိုးပါတဲ့ မြေဩဇာကို မိုးဝင်ခါစ မေလနဲ့ ဇူလိုင်လမှာ ကျွေးကြရပါတယ်။
မေး။ အပင်တွေ ပိုးမွှား ရောဂါဒဏ်ကနေ ဘယ်လိုကာကွယ်နှိမ်နင်းရမလဲဗျ။
ဖြေ။ အများအားဖြင့်တော့ ဒီလိမ္မော်ပင်ကို ရွက်ထွင်းပိုး၊ ပျ၊ ပိုးစေးနဲ၊လှေပိုးတွေက အများဆုံး ကျရောက်တတ်တာကြောာင့် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဖျန်းပေးရပါတယ်ဗျ။ သီးလုံးပုပ်ရောဂါ၊ ရွက်ပြောက်မှိုရောဂါတွေ မကျဖို့အတွက် ဩဘာကထုတ်တဲ့ ဖန်ဂိုရမ်၊ ဂျက်ကက်၊ မန်ကိုမက်တွေကို စနစ်တကျ ဖော်စပ်ပြီးမှ နည်းစနစ်မှန်မှန် မကြာခဏ ဖျန်းပေးရပါတယ်ဗျ။
မေး။ ဒီလိမ္မော်ကို ဘယ်အချိန်လောက်မှာ အများဆုံး ခူးဆွတ်ကြရပါသလဲဗျ။ ဘယ်ကို တင်ပို့ရောင်းချကြပါသလဲဗျ။ ပြည်တွင်းအပြင် ပြည်ပကိုပို့ဖို့ အစီအစဉ်ရှိပါလားသလား ခင်ဗျ။
ဖြေ။ ကျွန်တော်တို့ဒေသက လိမ္မော်သီးကိုတော့ အောက်တိုဘာလကနေ စပြီး ခူးဆွတ်ရောင်းချနေ ကြရပါတယ်ဗျ။ ဒီဇင်ဘာလလောက်ဆို အသီးတွေသိပ်မရှိတော့ဘူးဗျ။ တင်ပို့ရောင်းချမှုနဲ့ပတ်သက်ပြီး ပင်လောင်းမြို့နယ်ထဲမှာရှိတဲ့ ငါးရက်တစ်ဈေး၊ လွိုင်ကော်၊ အောင်ပန်းကုန်စည်ဒိုင် အဲဒီကနေတစ်ဆင့် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မြန်မာနိုင်ငံ အနှံ့အပြားတော့ တင်ပို့ရောင်းချရတယ်ဗျ။ ကျွန်တော်တို့လို တောင်သူတွေအနေနဲ့ လုင်ငန်းရှင်ကြီးတွေနဲ့ ချိတ်ပြီးမှ ပြည်ပနိုင်ငံတွေကို တင်ဖို့ရောင်းချနိုင်ဖို့အတွက် ကြိုးစားကြရအုံးမယ်ခင်ဗျ။
မေး။ အသီး အရွယ်အစားအလိုက် ဈေးနှုန်းတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အသီးအရွယ် အစားကို ဘယ်လိုသတ်မှတ်ပြီး ဈေးနှုန်းတွေအနေနဲ့ကော ဘယ်လိုရောင်းချရပါသလဲ သိပါရစေ။
ဖြေ။ အသီးတွေကို အရွယ်အစားနေနဲ့ တစ်၊ နှစ်၊ သုံး၊ လေး ဆိုပြီး ဆိုဒ်လေးမျိုးရှိတယ်ဗျ၊ တစ်ဆိုဒ်ကိုတော့ တစ်ပိဿာကို ကျပ် (၄၅၀၀-၅၀၀၀) ရောင်းရတယ်ဗျ၊ နံပါတ်နှစ်ဆိုက်ကတော့ ကျပ် (၃၀၀၀-၄၀၀၀)၊ နံပါတ်သုံး ဆိုဒ်က ကျပ် (၂၀၀၀-၂၇၀၀)၊ နံပါတ်လေး ဆိုဒ်ကတော့ ကျပ် (၁၀၀၀-၁၅၀၀) ထိ အသီးအရွယ်အစားပေါ်မူတည်ပြီး အမျိုးမျိုးရောင်းရပါတယ်ဗျ။
မေး။ အစ်ကိုတို့အနေနဲ့ ဒီလိမ္မော်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးတာလား၊ စီးပွားဖြစ် စိုက်တာလား သိရပါစေ၊
ဖြေ။ ဒီလိမ္မော်ခြံက အပင်ပေါင်း (၁၂၀၀)ကျော် ရှိတယ်ဆိုတော့ စီးပွားဖြစ် စိုက်ပျိုးထားတာပါဗျ။ တစ်နှစ်ပတ်လုံး ရောင်းချပြီး စာရင်းအကုန်ချုပ်ရင်တော့ ကျပ်သိန်း ၂၀၀ ဝန်းကျင်တော့ ကျန်ပါတယ်ဗျ။ ဒီလိမ္မော်စိုက်ပျိုးပြီး အဲလောက်ကျန်တော့ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါတယ်။
မေး။ တခြားလိမ္မော် မစိုက်ဘဲ ဝင်ငွေနည်းတဲ့ တောင်သူတွေကို ဒီလိမ္မော် စိုက်ပျိုးဖို့ ဘယ်လို အကြံပြုချင်ပါသလဲခင်ဗျ။
ဖြေ။ ဒီလိမ္မော်ပင်က နှစ်ရှည်ပင်ဖြစ်တဲ့အတွက် နှစ်ကာလကြာမှ တစ်ကြိမ်သာ စိုက်ပျိုးရတဲ့အတွက် မစိုက်ပျိုးရသေးတဲ့ တောင်သူတွေကို စိုက်ပျိုးစေချင်ပါတယ်။ စစိုက်ပျိုးပြီး ငါးနှစ်လောက်နေရင် အသီးသီးပြီး နှစ်စဉ်မိသားစုဝင်ငွေ ရနေတာကြောင့် စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးပြီးရင်လည်း အခင်းကြီးကို ပစ်မထားဘဲ သေချာဂရုစိုက် ထိန်းသိမ်းကာကွယ်ဖို့၊ ဒါမှလည်း ဝင်ငွေနည်းတဲ့ တောင်သူတွေအနေနဲ့ မိသားစုဝင်ငွေတွေ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ တောင်သူများ မိသားစုဝင်ငွေများရရှိပြီး လူနေမှုဘဝ မြင့်မားစေရန်အတွက် နှစ်စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြသည့် ပင်လောင်းမြို့နယ်ထဲက စိမ်းစိုလှပပြီး သာယာလှပသည့် ထာငိုရွာမှ လိမ္မော်သီး စိုက်ပျိုးရောင်းချနေမှုအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။
တွေ့ဆုံမေးမြန်း - ခွန်ရဲ