ပေါင် နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စုနှင့် ဒေးကင်းကျေးရွာအုပ်စုတို့တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။
စာရင်းကောက်ယူရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာသက်နိုင်နှင့် ဦးစီးအရာရှိ ဒေါက်တာကျော်ရဲအောင်တို့၏ ဦးဆောင်မှုဖြင့် သင်တန်းပေးထားသော စာရင်းကောက်များမှ ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ မြို့နယ်တိရစ္ဆာန် ကောက်ယူရေးလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါစာရင်းကောက်ယူခြင်း လုပ်ငန်းအား ယနေ့နိုဝင်ဘာ (၁)ရက်နေ့မှစတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ (၂)လတာအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ နှစ်အလိုက်တိရစ္ဆာန်ကောင်ရေစာရင်းအား ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက်စားသုံးမှုအား ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်အား လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ရေးဆွဲနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)