ရမည်းသင်း နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက နိုင်ငံတော်က နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်စေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကို အခြေခံ၍ ဒေသတစ်ခုထွက်ကုန်တစ်ခုကို တန်းဖိုးမြှင့် ထုတ်လုပ်နိုင်ရေး အသေးစားစက်မှုလက် မှုလုပ်ငန်းများ ဖော်ဆောင်ကာ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေး ကျေးလက်ပြည်သူများ ဝင်ငွေတိုးပွားရေး ခေတ်မီစံပြကျေးရွာ ထူထောင်ပြီး ဒေသထွက်ကုန်ကို အခြေခံကာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရေး နည်းပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားကာ သင်တန်းသား၊သူများအနက် (၅)ဦး ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်ပြင်၊ လျှပ်စစ်နည်းပညာသင်တန်းစသည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းသား၊ သင်တန်းသူများမှ တစ်ဖက်တစ်လမ်းက စွမ်းဆောင်ပေးကြရန်နှင့် လူမှုစီးပွား ပြည့်စုံရေး အခြေခံ စားသောက်ကုန်မှ အဆင့်မြှင့် စားသောက်ကုန်ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေများ ရရှိစေရန် တစ်နိုင်တစ်ပိုင် အစပြုပြီး အရည်အသွေးကောင်းမွန်သော ကုန်ပစ္စည်းများ ပေါ်ထွက်လာရေး၊ အသေးစားလုပ်ငန်းများ ထူထောင်လာနိုင်ပြီး ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများအား အရည်အသွေး ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ထုတ်ကုန်ထုတ်လုပ်နိုင်ရန်၊ သွင်းကုန်အစားထိုးစားသောက်ကုန်များကို ထုတ်လုပ်၍ ဈေးကွက်တွင် ထိုးဖောက်ရောင်းချနိုင်ရေးနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာ ဖြန့်ဝေခြင်းဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ မြှင့်တင်နိုင်ကာ ပြည်သူများ အလုပ်အကိုင်များ ရရှိစေရန်နှင့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက ရမည်းသင်းခရိုင်အတွင်း ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက် မည့်လုပ်ငန်းစီမံကိန်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား/သူ (၅)အား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းတွင် ထူးချွန်သူ (၅)ဦးအား ထူးချွန်ဆုကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သူများကိုယ်စား သင်တန်းသူ ဒေါ်သန်းသန်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်