မိတ္ထီလာ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာ အ.ထ.က(တောမ) တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ကျောင်းသူ ကျောင်းသားများက ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုရေး ဦးတည်ချက် ၉ ရပ်အနက် လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာ ရည်မြင့်မားရေးကို အထောက်အကူပြုစေရန်နဲ့ မြို့နယ်အတွင်းက အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များမှ ထူးချွန်ထက်မြက်တဲ့ အားကစားသမားများ ပေါ်ထွက်လာရေးစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ မြို့နယ်အဆင့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းသား အားကစားပြိုင်ပွဲကို မကြာမီ ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒီမြို့နယ်အဆင့် ကျောင်းသားအားကစားပြိုင်ပွဲ မစတင်မီမှာ ကြိုတင်ပြီး ကျောင်းတွင်းအဆင့် အားကစားပြိုင်ပွဲများကို ကျွန်မတို့ အ.ထ.က (တောမ) ကျောင်းမှာ ယနေ့ စတင်ကျင်းပပြုလုပ်တာဖြစ်ပြီး ကျောင်းသူ/ကျောင်းသားများကလည်း ပျော်ရွှင် တက်ကြွစွာနဲ့ ပါဝင်ယှဉ်ပြိုင်ကြပါတယ်ဟု အဆိုပါကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက ပြောသည်။
အဆိုပါ အ.ထ.က(တောမ) ကျောင်းတွင်း အားကစားပြိုင်ပွဲများတွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး မီတာ ၁ဝဝ ၊ မီတာ ၂ဝဝ အပြေးပြိုင်ပွဲ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်း ပြိုင်ပွဲများ၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲနှင့် သံပြားပစ်ပြိုင်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ