နမ့်စန်တွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

နမ့်စန်(တ) နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်သည့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြား၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့် ဆောင်ရွက်မည့်အခြေအနေများကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်က စာရင်းကောက်ယူရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းအကျိုးကျေးဇူး၊ စာရင်းကောက်ယူမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စာရင်းကောက်ယူမည့် ပုံစံစာရွက်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်က ပြန်လည်ဖြေကြားခဲ့သည်။

နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ စုစုပေါင်း(၃၁)ခု၌ နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် ယနေ့နေ့လည်ပိုင်းတွင် နမ့်စန်ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)