ကျိုင်းတုံ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အမှတ်(၁)ရပ်ကွက်၊ ဝေါ်နိမ့်ကျေးရွာတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(ဥက္ကဋ္ဌ) ဦးလှိုင်းမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူက ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(ဥက္ကဋ္ဌ) ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းတိရိစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)