ငရုတ်အစိုရောင်းသူများထက် အခြောက်ခံရောင်းသူပိုများ

မန္တလေး အောက်တိုဘာလ ၂၂

ငရုတ်သီး အစိုရောင်းသူတွေထက် ငရုတ်သီးတွေကိုအခြောက်ခံကာ ဈေးကွက်အတွင်း တင်ပို့ ရောင်းချသူတွေပိုများကြောင်း ငရုတ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

ငရုတ်သီးသည် ဆောင်းရာသီတွင် အများဆုံးထွက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ပင်းတယနှင့် ကလောဒေသများတွင် အများဆုံးစိုက်ပျိုးပြီး ရန်ကုန်၊ မန္တလေးနှင့် မြဝတီထိ တင်ပို့ရောင်းချမှုတွေရှိကြောင်း သိရသည်။

"အရင်နှစ်တွေကဆို တစ်ပိသာကို ၁၂၀၀ ကျပ်ကနေ ၁၅၀၀ ကျပ်လောက်ထိ ရောင်းလို့ရတယ်၊ ဒီနှစ်ကတော့ ၆၀၀ ကျပ်ပဲရှိတော့၊ ငရုတ်သီးအစိုကို ၅၀၀၊ ၆၀၀ နဲ့ဝယ်တဲ့ အနေအထားရှိတယ်၊ ဒါပေမယ့် ငရုတ်သီးအစို ရောင်းတာနည်းတယ်၊ အားလုံးအခြောက်ခံပြီးမှ ရောင်းတာများတယ်၊ ငရုတ်သီးအစိုက ဈေးလည်းကျတယ်လို့ပြောရမှာပေါ့၊ ငရုတ်သီးအခြောက်က ကြာကြာထား လို့ရတယ်၊ များသောအားဖြင့် အခြောက်ထားပြီးရောင်းကြတယ်" လို့ ပင်လောင်းဒေသမှာ ငရုတ်စိုက်တောင်သူ ကိုအောင်ဆန်းက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးထွက်ရှိသော ငရုတ်သီးအစိုများကို အခြောက်ခံထားသည့် ငရုတ်သီးခြောက်ဈေးမှာ တစ်ပိသာလျှင် သုံးထောင့်ငါးရာကျပ်မှ လေးထောင်ကျပ်ဝန်းကျင်ရှိပြီး မန္တလေး ဈေးကွက်မှာ တစ်ပိသာလျှင် ငါးထောင်ကျပ်ကျပ်မှ ခြောက်ထောင်ကျပ်ကြား ဈေးရှိကြောင်း ငရုတ်သီး ရောင်းဝယ် လုပ်ကိုင်နေသူများထံမှ သိရသည်။

ထိပ်ထားနိုင်