စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဥတ္တရသီရိမြို့နယ်၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဥတ္တရသီရိ နိုဝင်ဘာ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု မင်းနောင်ကျေးရွာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ထွန်းက အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်သူ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် တောင်ညိုကျေးရွာအုပ်စု မင်းနောင်ကျေးရွာတွင် အမျိုးသားအဆင့်တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)