ပူတာအို နိုဝင်ဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၃-ခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ပူတာအိုမြို့နယ်၊ပူတောင်းကျေးရွာ ကွင်းအမှတ်(၃၂) ဦးပိုင် အမှတ်(၇၁) တောင်သူ ဦးအဂူးဒီး၏ လယ်မြေနှစ်ဧက၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက (၆.၆)ပေ စံကွက်ရိတ်သိမ်းခြင်း နည်းစနစ်နှင့်အညီ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း (၁၀၆.၆၀)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမယစ်ယောရှုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)