မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ နိုဝင်ဘာ ၁

မွန်ပြည်နယ်တွင် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့နံနက်(၈း၃၀)နာရီက ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ စုစုပေါင်း(၁၁၀)ခုတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသွားမှာဖြစ်ကြောင်း ချောင်းဆုံမြို့နယ်အနေနှင့် ရပ်ကွက်(၁)ခုနှင့် ကျေးရွာ (၁၆) ရွာတို့တွင် နိုဝင်ဘာ (၁)ရက်နေ့မှ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းကောက်အဖွဲ့များမှ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ သေချာမေးမြန်းဖြည့်စွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော်က တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းအားအတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာတွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် စသည့်ကိစ္စရပ်များအတွက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ မွေးမြူရေးခြံနှင့် မွေးမြူရေးလုပ်ကိုင်နေသည့် ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)